MY

ကြေးနန်းဝန်

ကြေးနန်းဝန်ရာထူးကို ရတနာပုံခေတ်တွင်မှ စတင်တွေ့ရှိရသည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ အစီအစဉ်ဖြင့် ကြေးနန်းပညာရပ်များကို နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သင်ယူခဲ့ပြီးနောက် မြန်မာ့ကြေးနန်းလုပ်ငန်းအား စတင်ခဲ့ကြခြင်းဖြစ်သည်။

. . . ကြေးနန်းဝန် . . .

မြန်မာ့ကြေးနန်းလိုင်းများကို ၁၈၇၀ ပြည့်နှစ်ခန့်တွင် စတင်သွယ်တန်းခဲ့သည်။ ကြေးနန်းလိုင်းတစ်လျှောက် ကြေးနန်းရုံများထားရှိရာ၌ မန္တလေးနန်းတော်တွင်းမှ ဗြိတိသျှပိုင်နက် နယ်စပ်ဒေသ ဒဂုန်မော်အထိ ကြေးနန်းရုံ ၉ ရုံရှိသည်။၎င်းင်းတို့မှာ မန္တလေးနန်းတွင်းရုံ၊ မန္တလေးမြို့တွင်းရုံ၊ သပြေတန်းရွာခံတပ်အနီးရုံ၊ အင်းဝရုံ၊ မြင်းခြံရုံ၊ ပုဂံရုံ၊ ရေနံချောင်းရုံ၊ တိုင်ပျောက်ရုံနှင့် ဒဂုန်မော်ရုံတို့ ဖြစ်ကြသည်။ ကြေးနန်းရုံများကို ဓာတ်ရုံတော်ဟုခေါ်ဆိုကြပြီး ကြေးနန်းရုံတစ်ရုံစီ၌ ကြေးနန်းဆရာတစ်ဦးစီ တာဝန်ယူခဲ့ကြရ၏။ ကြေးနန်းလိုင်းများဆွဲရာတွင် စားကျင်းဝချောင်း၊ ယောဝချောင်း၊ ဒုတ္ထဝတီမြစ်၊ ကြေးပင်ပေါင်ချောင်း၊ မြို့သာချောင်း စသည့်မြစ်ချောင်း ၂၀ ခန့်ကို ဖြတ်သန်းသွားရရာ ထိုခေတ်ကာလက အတော်အတန်ခေတ်မီလျက်ရှိပြီဟု ဆိုနိုင်သည်။ တိုင်ပျောက်ရွာ ဓာတ်ရုံမှ တောင်တွင်းကြီးသို့ ဆက်သွယ်သော သီးခြား ကြေးနန်းလိုင်းလည်း ရှိပါသေးသည်။

ကြေးနန်းဆရာများအား အုပ်ချုပ်ရသည့် ကြေးနန်းဝန်တစ်ဦးကိုလည်း ခန့်အပ်ထားရှိရာ မင်းတုန်းမင်းလက်ထက် ကြေးနန်းဝန်မှာ မင်းထင်မင်းခေါင်ဘွဲ့ခံ ဦးဘိုးဝိုင်းဖြစ်သည်။ ဦးဘိုးဝိုင်းသည် ကင်းဝန်မင်းကြီး၏ တူတော်စပ်သူဖြစ်ကြောင်းလည်း အဆိုရှိသည်။ သံတော်ဆင့်ရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရသဖြင့် သံတော်ဆင့်ကြေးနန်းဝန်ဟု အမည်တွင်ပါသည်။ သီပေါမင်း နန်းတက်စတွင် ဦးဘိုးဝိုင်းကို မင်းထင်မင်ခေါင်ကျော်ဘွဲ့ဖြင့် ကြေးနန်းဝန်အရာ ဆက်လက်ခန့်အပ်ခဲ့၏။ တစ်ချိန်က ထင်ရှားခဲ့သည့် နယ်ပိုင် ဝန်ထောက် ဦးအံ့ထူးမှာ ကြေးနန်းဝန် ဦးဘိုးဝိုင်း၏ သားတစ်ဦးဖြစ်သည်။

မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ယောမင်းကြီး ဦးဘိုးလှိုင်က ၁၈၆၉ ခုနှစ်တွင် ရေးသားပြုစုခဲ့သည်။ မြန်မာသင်ပုန်းကြီး အခြေခံဖြစ်သော ဗျည်း၊ သရနှင့် သင်္ကေတပေါင်း ၆၂ မျိုးကို သဘောတူရာအတို နည်းဖြင့် စုရုံးကာ ဗျည်းသရ ၂၅ မျိုးကိုသာ အသုံးပြုလျက် ကြေးနန်းရိုက်နည်း စနစ်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကျမ်းကို မန္တလေးတွင် ရုံးစိုက်သော ဗြိတိသျှ နိုင်ငံရေး ကိုယ်စားလှယ် မေဂျာ မက္ကမေဟန်က ၁၅ အောက်တိုဘာ ၁၈၇၀ တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ စာအုပ်ထုတ်ဝေခဲ့သည်။ ဘာသာပြန်သူက ယောမင်းကြီး ဦးဘိုးလှိုင်၏ တီထွင်တတ်မှုကို ချီးကျူးထားသည်။

. . . ကြေးနန်းဝန် . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ကြေးနန်းဝန် . . .

Back To Top