ဒိုင်နိုဆော ဆိုသည်မှာ အာခိုဆော အမျိုးအစား တွားသွားသတ္တဝါတစ်မျိုးဖြစ်ပြီး မီဆိုဇိုးရစ် ကာလအတွင်းက ကုန်းပေါ်တွင် အများအပြားရှိသော သတ္တဝါမျိုးလည်း ဖြစ်သည်။ ဒိုင်နိုဆောဆိုသော စကားလုံးမှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ရာ ပုတ်သင်ညို (terrible lizard) ဟု အဓိပ္ပာယ်ရသည်။ အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက်အိုဝင်က ၁၈၄၂ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒိုင်နိုဆောများကို လွန်ခဲ့သော နှစ်သန်းပေါင်း ၂၃၀ ခန့် အားပါး ထရိုင်ဆစ်ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများတွင် တွေ့ရှိရသည်။ ဂျူရက်ဆစ်ခေတ် အစောပိုင်းတွင် သူတို့သည် ကုန်းမြေပေါ်ရှိ ဒေသအများစုတွင် လွှမ်းမိုးလာခဲ့သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်အထိ ရှိလာခဲ့ကြပြီး ရုတ်တရက် မျိုးတုံးပျောက်ကွယ် သွားခဲ့ကြသည်။ ငှက်များသည် သာရိုပေါ့ ဒိုင်နိုဆောများမှ ဆင်းသက်လာကြပြီး ကုန်းမြေပေါ်ရှိ ဒိုင်နိုဆောအားလုံးမှာ မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဒိုင်နိုဆောများသည် ဘူမိဗေဒ သက်တမ်းအရ Triassic Period (ထရိုင်ယဆစ်ယုဂ်)အတွင်း လွန်ခဲ့သောနှစ်သန်းပေါင်း ၂၂၅ သန်းက ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။ အချို့သော သတ္တဝါများသည် ကြက်တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိကြ၏။ အချို့သော သတ္တဝါများကမူ ကမ္ဘာပေါ်၌ ရှိခဲ့ဖူးသော အရွယ်အစား အကြီးဆုံး သတ္တဝါများ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် Jurassic Period (ဂျူရက်ဆစ်ယုဂ်)တစ်လျှောက်လုံးနှင့် Cretaceous Period (ခရီးတေးရှတ်ယုဂ်)ကုန်ဆုံးသည်အထိ လှည့် လည်သွားလာနေခဲ့ကြ၏။ ထရိုင်ယဆစ်ယုဂ်၊ ဂျူရက်ဆစ်ယုဂ်နှင့် ခရီးတေးရှတ်ယုဂ်တို့ကိုတွားသွားသတ္တဝါများခေတ် ဟု သတ်မှတ်ထားကြ၏။ ဒိုင်နိုဆောများသည် ယခုခေတ်တွင် ပျောက်ကွယ်သွားပြီဖြစ် ပြီးအင်တာနက်ပေါ်တွင် တွေ့ရသည့် ဒိုင်နိုဆောတစ်ချို့သည် အတုများသာ ဖြစ်သည်။ အရမ်းတော်ကြတဲ့ သိပ္ပံပညာရှင်များသည် ဒိုင်နိုဆောများကို ပြန်လည်ခေါ်ဆိုရန် ကြိုးပမ်းနေကြသည် ဖြစ်သည်။ နောက် ရာစုနှစ်အတွင်း ဒိုင်နိုဆောများသည် မြေပြင်ပေါ်၌ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး ဒိုင်နိုဆောများကို လူသားများက မွေးမြူနိုင် မည်ဖြစ်သည်။
. . . ဒိုင်နိုဆော . . .
ဒိုင်နိုဆောသည် အာခိုဆောမျိုးနွယ်တစ်ခုဖြစ်သည်။ ပုတ်သင်၏ ဘေးသို့ကားထွက်သည့် ခြေထောက်မျိုးကို ဒိုင်နိုဆော၌ မတွေ့ရပေ။ ဒိုင်နိုဆော၌ ပေါင်ရိုး၏ ပုံသဏ္ဌာန်ပြောင်းလဲသွားသည်။ ပေါင်ရိုးသည် တင်ပါးအရိုးနှင့် ထောင့်မှန်ချိတ်ဆက်ထားသဖြင့် မတ်မတ် လမ်းလျှောက်နိုင်သည်။ မိကျောင်းခြေထောက်များသည်လည်း မတ်မတ်လျှောက်နိုင်သော်လည်း ပေါင်ရိုးသည် တင်ပါးအရိုးအောက် တည့်တည့်မှ ချိတ်ဆက်ခြင်းဖြင့် တိုင်လုံးကဲ့သို့ ထောက်ပံ့ထားခြင်းသာ ဖြစ်သည်။ ဒိုင်နိုဆောသည် အထက်တွင် ဖော်ပြသကဲ့သို့ မတ်မတ် လမ်းလျှောက်နိုင်သည့်အပြင် နောက်ခြေတို့ကို ပိုမိုအားပြုလာသည်။ ထို့ကြောင့် ခြေထောက်သည် မတ်မတ်လမ်းလျှောက်ရုံသာမက ခြေနှစ်ချောင်းဖြင့် မတ်တပ် လည်း လျှောက်ပေသည်။ ရရှိလာသော သွက်လက်ဖျတ်လတ်သည့် လှုပ်ရှားနိုင်စွမ်းသည် ဒိုင်နိုဆောတို့ အောင်မြင်ရခြင်း၏ သော့ချက်တစ်ခုဖြစ်ပေသည်။
တင်ပါးရိုး တည်ဆောက်ပုံအရ အဆိုပါ ရှေ့ပြေးဒိုင်နိုဆောတို့မှ ဆော်ရစ်ချီးယား (Saurischia) နှင့် အော်နီသစ်ချီးယား (Ornithischia) ဟူ၍ အထင်ကရ အုပ်စုနှစ်ခု ကွဲထွက်လာခဲ့သည်။ ဆော်ရစ်ချီးယားသည် နဂိုတွားသွားသတ္တဝါတို့၏ တင်ပါးရိုး တည်ဆောက်ပုံကို ထိန်းသိမ်းထားသည်။ ၎င်းတို့၏ ဆီးစပ်ရိုးသည် ရှေ့ဖက်သို့ လှည့်နေသည်။ အော်နီသစ်ချီးယား၌ ဆီးစပ်ရိုးသည် အောက်ဘက်နှင့် အနောက်ဘက်သို့ လှည့်နေပြီး တင်ပါးခွက်ရိုးနှင့် အပြိုင်ဖြစ်နေကြသည်။
ဆော်ရစ်ချီးယားမျိုးနွယ်၌ အသားစားသီရိုပေါ့ (Theropod) နှင့် အရွက်စားဆော်ရိုပေါ့ (Sauropod) တို့ပါဝင်ကြသည်။ သီရိုပေါ့သည် ခြေနှစ်ချောင်းထောက် သားရဲဒိုင်နိုဆောဖြစ်သည်။ အရိုးငြမ်း၌ အခေါင်းပေါက်များဖြင့် ပေါ့ပါးသည့် ခန္ဓာတည်ဆောက်ပုံ ရှိသော ဆီလိုဖိုင်ဆစ် (Coelophysis) နှင့် အမောက်တစ်ခုရှိပြီး အရွယ်ပိုကြီးသော ဒိုင်လိုဖိုဆော (Dilophosaur) တို့သည် ထရိုင်ယဆစ်ယုဂ်၏ အဓိကကျသော သီရိုပေါ့များ ဖြစ်၏။ သီရိုပေါ့မျိုးနွယ်တို့တွင် ထင်ရှားလှသည့် တယ်ရန်နိုဆောရပ်တို့သည် ၄၆ပေခန့် ရှည်လျှားပြီး ပေ၂၀ ခန့်အမြင့်ရှိသည်။
ဆောရိုပေါ့သည် အရွက်စားသည့် ဒိုင်နိုဆောများဖြစ်ကြသည်။ ၎င်းတို့သည် ခြေနှစ်ချောင်းထောက်နိုင်သော်လည်း ခြေလေးချောင်းထောက်၍လည်း သွားနိုင်သည်။ အရွက်စားရန်အတွက် မတူညီသည့် ဆီလျော်ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ အစာအိမ်သည် ပါးစပ်ကိုယ်စား အစာချေပေးသည့် ပြောင်းလဲမှုများ ဖြစ်လာသည်။ အစာကြေရန်အတွက် ကျောက်ခဲမျိုချသည့် အကျင့်ရှိသည်။ ဤအစာအိမ်ကျောက်ခဲ (Gastrolith) သုံးစွဲမှုကို ယနေ့ခေတ် တွားသွားသတ္တဝါ၊ အပင်စား ငှက် နှင့် ဖျံအချို့တွင် တွေ့ရနိုင်သေး၏။
. . . ဒိုင်နိုဆော . . .