MY

ဆပဋမထေရ်၊ သျှင်

. . . ဆပဋမထေရ်၊ သျှင် . . .

မြန်မာနိုင်ငံ သာသနာဝင်တွင် ဆပဋ(ဆပဒ) သို့ (ဆပ္ပဒ) ဟု ခေါ်တွင်သော မထေရ် သုံးပါးတို့သည် ပုဂံခေတ်အတွင်း၌ ပေါ်ပေါက်ခဲ့၏။ ထိုသုံးပါးတို့မှာ-

  1. သျှင်သဒ္ဓမ္မဇောတိပါလဘွဲ့ရ ပထမ ဆပဋမထေရ် ၊
  2. သျှင်ဉာဏသဒ္ဓမ္မဘွဲ့ရ ဒုတိယ ဆပဋမထေရ် ၊
  3. သျှင်ဓမ္မသီရိဘွဲ့ရ တတိယ ဆပဋမထေရ် တို့ ဖြစ်ကြသည်။

ထိုသုံးပါးတို့တွင် နောက်နှစ်ပါးမှာ ပထမဆပဋမထေရ်၏ နေရာတွင် ဆက်ခံ၍ နေသောကြောင့် ထိုအမည်ကို ရရှိခြင်းဖြစ်သည်။ သို့ရာတွင် ပထမဆပဋမထေရ်ကဲ့သို့ ထင်ရှားကျော်ကြားခြင်း မရှိကြပေ။ သျှင်သဒ္ဓမ္မဇောတိပါလဘွဲ့ရ ပထမဆပဋမထေရ်သည်ကား မြန်မာပြည် သို့ သီဟိုဠ်နိုင်ငံမှ သာသနာကို သယ်ဆောင်ခြင်း၊ စာပေကျမ်းဂန် များစွာတို့ကို ပြုစုတော်မူခြင်း စသည်တို့ကြောင့် သာသနာဝင်တွင် ပိုမို၍ ထင်ရှားလေသည်။

ပထမဆပဋမထေရ်အား ပုသိမ်မြို့စီရင်စု အဝင်အပါ ယခုအခါ ငပုတောမြို့နေရာဟု ယူဆကြသော ဆပဋရွာတွင် မြန်မာသက္ကရာဇ် ၅၁၂-ခုနှစ်၌ မွေးဖွားခဲ့သည်။ သာမဏေပြုသောအခါ ဘွဲ့မည်မှာ သျှင်သဒ္ဓမ္မဇောတိပါလ ဖြစ်သည်။ နောင်အခါ၌ မွေးဖွားရာ ရွာကို အစွဲပြု၍ သျှင်ဆပဋဟု ခေါ်တွင်ကြ၏။ အရှင်ရေးသားသော ကျမ်းများ၌ကား သျှင်သဒ္ဓမ္မဇောတိပါလဟု အရေးအသား များပေသည်။ သာသနာဝင်များ၌မူ သျှင်ဆပဋဟုပင် ထင်ရှားသည်။ အချို့ပိဋကတ် သမိုင်းများ၌ကား ‘ သျှင်သဒ္ဓမ္မဇောတိပါလဆပဋ ‘ ဟုလည်း တွဲဖက်ခေါ်တတ်သေးသည်။

သျှင်သဒ္ဓမ္မဇောတိပါလဘွဲ့ရ သာမဏေသျှင်ဆပဋသည် မြန်မာသက္ကရာဇ် ၅၃၂-ခုနှစ်၊ ခရစ်နှစ် ၁၁၇၀၊ ပုဂံ နာရပတိစည်သူ မင်းလက်ထက်တွင် ဆရာဖြစ်သူ သျှင်ဥတ္တရာဇီဝမထေရ် သီဟိုဠ်(သီရိလင်္ကာ)သို့ ဘုရားဖူး သွားရောက်ရာတွင် ဆရာတော်နှင့်အတူ လိုက်ပါသွားခဲ့ လေသည်။ သီဟိုဠ်နိုင်ငံသို့ ရောက်လျှင် သျှင်ဆပဋသာမဏေသည် အသက် နှစ်ဆယ်ပြည့်သဖြင့် ရဟန်းခံချိန်သို့ ရောက်ခဲ့သည်။ ထို့ကြောင့် ဆရာဖြစ်သော သျှင်ဥတ္တရာဇီဝမထေရ်သည် သီဟိုဠ်သံဃာတို့နှင့် တိုင်ပင်၍ သျှင်ဆပဋသာမဏေအား နှစ်နိုင်ငံ သံဃာများ ပူးပေါင်းကာ ရဟန်းဘောင်သို့ ပို့ဆောင်ပေးကြ လေသည်။

နှစ်နှစ်ခန့်ကြာသောအခါ သျှင်ဥတ္တရာဇီဝမထေရ်နှင့် အဖွဲ့သည် ဘုရားဖူးခြင်း ကိစ္စပြီးသဖြင့် ပုဂံပြည်သို့ ပြန်မည်ပြုရာတွင် ဆပဋပဉ္စင်းသစ်သည် ဤသို့ အကြံဖြစ်၏။ ငါသည် ဆရာမထေရ်နှင့် ပြန်လိုက်သည်ရှိသော် ဆွေမျိုးမိသင်္ဂဟတို့ အသိုင်းအဝိုင်းတွင် မွေ့လျော်၍ ပါဠိ အဋ္ဌကထာတို့ကို ကောင်းမွန်စွာ သင်ကြားနိုင်မည် မဟုတ်ပေ။ ဤသီဟိုဠ်ကျွန်း၌ နေ၍ ပါဠိ အဋ္ဌကထာ ကျမ်းစာများကို သင်ကြားနေရစ်ခဲ့ရမူ ကောင်းလေစွ၊ ဟု အကြံဖြစ်၍ ဆရာသျှင်ဥတ္တရာဇီဝမထေရ် အား ခွင့်တောင်းလေသည်။ အခွင့်ရလျှင် သီဟိုဠ်နိုင်ငံ၌ နေရစ်ပြီး စာပေပရိယတ်များကို သင်ကြားဆည်းပူးလေသည်။

သျှင်ဆပဋသည် သီဟိုဠ်နိုင်ငံ၌ ပညာဆည်းပူးခဲ့သည်မှာ ၁ဝ-နှစ်မျှ ကြာမြင့်ခဲ့သည်။ ထိုအချိန်တွင် စာပေပရိယတ်လည်း ပြည့်စုံကြွယ်ဝလာပြီ ဖြစ်သည့်အလျောက် ပုဂံသို့ ပြန်ရန် ရည်ရွယ်ခဲ့သည်။ ထိုအခါ အကယ်၍ ပုဂံပြည်တွင် ငါ၏ ဆရာမထေရ် မရှိခဲ့လျှင် ပုဂံသားတို့နှင့် သံဃာ့ကံပြုရန် အခက်အခဲ ရှိလိမ့်မည်၊ သို့အတွက် ဤသီဟိုဠ်ကျွန်းမှ သံဃာအချို့ကို သံဃာ့ကံပြုရန်အတွက် ပင့်ဆောင်သွားမှ သင့်တော်ချေမည်၊ ဟု ကြံစည်မိသည့်အတိုင်း သီဟိုဠ်နိုင်ငံမှ မထေရ်လေးပါးကို ပင့်ဆောင်ခဲ့လေသည်။ ပင့်ဆောင်ခဲ့သော မထေရ်များမှာ စာပေတတ်ကျွမ်း သူချည်း ဖြစ်ကြသည်။ ထိုရဟန်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. တာမလိတ္တရွာသား သျှင်သီဝလိမထေရ်၊ (တာမလိတ္တရွာသည် မဇ္ဈိမဒေသမြေပုံတွင် ကာလကတ္တားမြို့အနီးမှ တာမလွတ်ရွာဟု ယူဆကြသည်။ )
  2. သီဟိုဠ်ကျွန်းသား သျှင်ရာဟုလာမထေရ် ၊
  3. ကိဉ္စိပုရမြို့သား သျှင်အာနန္ဒာမထေရ် ၊ ( အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းခြေရှိ မဒရပ်နယ်၊ ကွန်ဂျီဗာရန်မြို့ ၊ )
  4. ကမ္ဘောဇမင်းသား သျှင်တာမလိန္ဒမထေရ် ၊ ( ကမ္ဘောဒီးယားနိုင်ငံမှ ဘုရင့်သားတော်တစ်ပါး)ဖြစ်သည်။

ပြင်သစ်ပညာရှင် တစ်ဦးကမူ တာမလိန္ဒမထေရ်သည် ကမ္ဘောဒီးယားပြည် အံကောသုံမြို့တည် ဇေယဝါမန်ဘုရင်၏ သားတော်တစ်ပါး ဖြစ်ရမည်ဟု ယူဆ သည်။ သတ္တမမြောက် ဇေယဝါမန်မင်းသည် မြန်မာဘုရင် နရပတိစည်သူနှင့် ထီးပြိုင်နန်းပြိုင်ဖြစ်၍ ထိုအယူကို ကန့်ကွက်ဖွယ် မရှိဟု အဆိုပြုကြသည်။) သျှင်ဆပဋမထေရ်သည် မထေရ်လေးပါးနှင့်အတူ မြန်မာနိုင်ငံသို့ သက္ကရာဇ် ၅၄၃-ခုနှစ်၊ ခရစ်နှစ် ၁၁၇၀တွင် သင်္ဘောစီး၍ ကြွလာခဲ့ကြ၏။ မြန်မာပြည်သို့ ရောက်လျှင် ဝါဆိုရန် နီးကပ်နေသဖြင့် ပုဂံပြည်ထိအောင် မလာရောက်နိုင်တော့ဘဲ ပုသိမ်မြို့ တောင်အရပ်၌ သက်ကယ်တို့ ဆောက်လုပ်သော ကျောင်း၌ ဝါဆိုဝါကပ်ကြရသည်။ ထိုအရပ်ရှိ ကျောင်းကို သီဟိုဠ်ရောက်ကျောင်း ဟုယခုတိုင် ထင်ရှားလေသည်။

သျှင်ဆပဋမထေရ်သည် မထေရ်လေးပါးတို့နှင့် အတူ သီတင်းဝါလကျွတ်၍ ပဝါရဏာ ပြုပြီးလျှင် ပုဂံနေပြည်တော်သို့ ကြွရောက်လာကြလေသည်။ ပုဂံနေပြည်တော်မှ ဆရာဖြစ်သော သျှင်ဥတ္တရာဇိဝီမထေရ်သည် ရက်အနည်းငယ်ကပင် ပျံလွန်တော်မူသဖြင့် သင်္ဂြိုဟ်ပြီးစီးနှင့် နေပြီဖြစ်သည်။ သျှင်ဆပဋသည် ထိုအကြောင်းကို ပုဂံသို့ ရောက်မှ ကြားသိရသောကြောင့် မိမိဆရာ မထေရ်သင်္ဂြိုဟ်ရာ အရပ်သို့ သွားရောက်၍ ပူဇော်ရလေသည်။

သျှင်ဆပဋမထေရ်တို့ ငါးပါးဂိုဏ်းသည် ပုဂံသားရဟန်းတော်တို့နှင့် သံဃာ့ကံကို အတူမပြုကြဘဲ မိမိငါးပါးတည်းသာ စုပေါင်း၍ ကံပြုကြ၏။ ထိုဂိုဏ်းကို နောင်အခါတွင် ဒုတိယ သီဟိုဠ်ရောက်ဂိုဏ်းဟု ခေါ်တွင်လေသည်။

နရပတိစည်သူမင်းသည် သျှင်ဆပဋတို့ ငါးပါးဂိုဏ်းကိုလည်း ကြည်ညိုတော်မူသဖြင့် ဧရာဝတီမြစ်လယ်တွင် လှေဖောင်များ ပြုလုပ်၍ သာမဏေများကို ရဟန်းပြုစေလေသည်။ ထိုအခါမှ စ၍ သျှင်ဆပဋတို့ တည်ထောင်သော ဒုတိယသီဟိုဠ်ရောက်ဂိုဏ်းမှာလည်း တိုးတက်ကြီးပွားလာလေသည်။

သျှင်ဆပဋမထေရ်သည် နရပတိစည်သူမင်းကြီး လှူဒါန်းသော မိမိကျောင်းပရိဝုဏ်အတွင်း၌ ဘုရင့်ကောင်းမှုတော်ဖြစ်သော စေတီတစ်ဆူကို ကြပ်မတ်တည်ထားရာ သီဟိုဠ်ပုံစံကိုယူ၍ တည်ထားသည်။ ထိုစေတီတော်သည် ‘ ဆပဋစေတီ ‘ အမည်ဖြင့် ထင်ရှားသည်။

ဆရာတော်သည် စာပေကျမ်းဂန်တို့၌ ကျွမ်းကျင်တော်မူသည့်အလျောက် သဒ္ဒါဘက်ဆိုင်ရာကျမ်းများ၊ သာသနာရေးဆိုင်ရာ သုတ်၊ ဝိနည်း၊ အဘိဓမ္မာကျမ်း တို့ကို ရေးသား ပြုစုတော်မူ၏။ အရှင်ရေးသားသော ကျမ်းတို့မှာ ဝိနယဂုဠှတ္ထဒီပနီကျမ်း၊ သီမာလင်္ကာရစာကိုယ်နှင့် ဋီကာ၊ ပါတိမောက္ခပဒတ္ထဝဏ္ဏနာကျမ်း၊ နာမာစာရဒီပကစာကိုယ်နှင့် ဋီကာ၊ ဝိသုဒ္ဓိမဂ်ဂဏ္ဌိပုဒ်၊ ဝိနယဇာတတ္ထကီကျမ်း စသည်တို့ ဖြစ်သည်။

သျှင်ဆပဋမထေရ်သည် နရပတိစည်သူမင်းလက်ထက်တွင် ပျံလွန်တော်မူသည်ဟု သိရှိရပြီး မည်သည့်ခုနှစ်ဟူ၍ကား မတွေ့ရချေ။ [1]

. . . ဆပဋမထေရ်၊ သျှင် . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ဆပဋမထေရ်၊ သျှင် . . .

Back To Top