MY

ကောင်းတုံစာချုပ်

ကောင်းတုံစာချုပ် သည် ၁၇၆၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ စစ်ပြေငြိမ်းရေး စာချုပ်တစ်ခု ဖြစ်သည်။

. . . ကောင်းတုံစာချုပ် . . .

တရုတ်- မြန်မာ စတုတ္ထစစ်ပွဲ (ခရစ်နှစ်၁၇၆၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၁၃ဝ ခုနှစ်) ဖြစ်သောအခါ ဆင်ဖြူရှင်မင်းသည် ဗိုလ်ချုပ်မဟာသီဟသူရအား ရေကြောင်းဖြင့် ဗန်းမော်သို့ ချီစေ၏။ ဗိုလ်ချုပ်မဟာသီဟသူရ သည် လက်ဝဲဝင်းမှူးအား အချုပ်ခန့်၍ ဧရာဝတီမြစ် အရှေ့ဘက် မိုးမိတ်စစ်ကြောင်း ချီစေ၏။ တစ်ဖန် တိမ်ကြားမင်းခေါင်ကို အချုပ်ခန့်၍ တရုတ်တို့၏ ရိက္ခာကြောင်းကို ဖျက်ဆီးစေကာ၊ တရုတ်တပ်ကို နောက်မှလှည့်တိုက်ရန် တာဝန်ပေးပြန်သည်။ တတိယ တရုတ်-မြန်မာ စစ်ပွဲ၊ စတုတ္ထတရုတ်-မြန်မာ စစ်ပွဲများတွင် ဗိုလ်ချုပ်မဟာသီဟသူရသည် တရုတ်တို့အား ရိက္ခာဖြတ်တောက်ရန် ကြိုးပမ်းပြီးမှ စစ်ဆင်လေ့ရှိသည်။ တရုတ်တို့ ရိက္ခာမရလေက မြန်မာတို့အဖို့ စစ်ဆင်အောင်မြင်ရန် လွယ်ကူသည်ဟု ဗိုလ်ချုပ်မဟာသီဟသူရ နားလည်ဟန်ရှိသည်။ ဗိုလ်ချုပ် မဟာသီဟသူရ၏ ယူဆချက်အတိုင်းပင် တရုတ် ရာဇဝင်၌ တရုတ်-မြန်မာစစ်ပွဲတွင် တရုတ်တို့စစ်ရှုံးနိမ့်ရသည့် အကြောင်းရင်း တစ်ချက်မှာ ရိက္ခာပြတ်လပ်မှုပင် ဖြစ်သည်ဟု ဆိုထားသည်။ သာလွန်သည့် ရန်သူ တရုတ်စစ်တပ်များကို ဆန့်ကျင်တိုက်ခိုက်ပြီး အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်းမှာ သူ၏ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်နှင့် ရဲစွမ်းသတ္တိကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။ မြန်မာ စစ်မှူး စစ်ကဲတို့ သည် ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တစ်တပ် စေလွှတ်ပြီးနောက် တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြသည်။ ကောင်းတုံသို့ မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက် တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို ခံကြရသည်။ ထို့နောက် ရွှေညောင်ပင်တွင် တိုက်ပွဲဖြစ်၍ ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသော တပ်နှင့် သွားရောက် ပူးပေါင်းကြသည်။ ဤတွင် မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး စုပုံ ကျဆုံးကြရ လေတော့သည်။ တရုတ်တို့၏ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက ပိတ်ဆို့ပြီး ဖြစ်လေသည်။ ဤအချိန်တွင် တရုတ် ဧကရာဇ် ချင်းလုံသည် မြန်မာနိုင်ငံတွင်းမှ တရုတ်တပ်ကြီး ပြန်လည် ဆုတ်ခွာရန် အမိန့် ချလိုက်ပြီ ဖြစ်၍ အမိန့်တော် ပြန်တမ်း သဝဏ်လွှာတွင် မြန်မာတို့သည် အပြီးတိုင် ချေမှုန်း ဖျက်ဆီးခြင်း ခံရလောက်အောင် အပြစ်ကြီးမားသော်လည်း ဧကရာဇ်သည် ကရုဏာ သက်စွာဖြင့် ဆက်လက် တိုက်ခိုက်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်လိုက်ကြောင်း အကြောင်းကြားစေသည်။

စစ်သူကြီးမဟာသီဟသူရသည် ဗိုလ်ချုပ်အဖြစ် စစ်ရေးအမြင် ကျယ်သကဲ့သို့ဝန်ကြီးတစ်ပါး အနေနှင့်လည်း နိုင်ငံရေးအမြင် ကျယ်လေသည်။ တရုတ်တို့ရိက္ခာပြတ်လပ်၍ တရုတ်-မြန်မာ စစ်ပွဲ (၁၇၆၅-–၁၇၆၉) အား စစ်ပြေငြိမ်းရန် စေ့စပ်ကမ်းလှမ်းလာသောအခါ ဗိုလ်ချုပ် မဟာသီဟသူရသည် ရှေ့ရေးကို မြှော်တွေးလျက် ဘုရင်အမိန့်ကိုပင် မခံယူတော့ဘဲ စစ်ပြေငြိမ်းရေးကို လက်ခံလိုက်လေသည်။ သို့ရာတွင် မဟာသီဟသူရသည် တရုတ်တို့နှင့် ဆက်လက်၍ အရှည်စစ်ဖြစ်ပွားနေသည်ထက် သင့်မြတ်ချစ်ကြည်စွာ နေထိုင်ပါက အကျိုးရှိဖွယ် ဖြစ်သည်ကို မြော်မြင်မိ၍ တစ်ဦးတည်း တာဝန်ယူကာ မဟာ သီဟသူရက ဤအခါသည် မြန်မာတို့ အလိုကျ အချက်များ တောင်းဆို၍ စစ်ပြေငြိမ်းနိုင်သည့် အခါကောင်း ဖြစ်သည်ဟု ဆုံးဖြတ်ကာ ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရုတ် မြန်မာ စစ်ပြေငြိမ်းရေး စာချုပ်ကို ရွှေညောင်ပင် ကောင်းတုံတွင် ချုပ်ဆိုကြလေသည်။ ကောင်းတုံစာချုပ် Kaungton peace treaty ချုပ်ကာစစ်ပြေငြိမ်းခဲ့သည်။ မြန်မာတို့မှာ ယိုးဒယားစစ်နှင့် တရုတ်စစ်တို့ကို တိုက်ခိုက်ရ၍ ပင်ပန်းနေစဉ်တွင် ဤကဲ့သို့ဆောင်ရွက်သည်ဟု ဆိုရပေမည်။

သို့သော် ဆင်ဖြူရှင်မင်းကား စစ်သူကြီးမဟာသီဟသူရ၏ သဘောဖြင့် စစ်ပြေငြိမ်းခဲ့သည်ကို အမျက်ရှိခဲ့လေသည်။

. . . ကောင်းတုံစာချုပ် . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ကောင်းတုံစာချုပ် . . .

Back To Top