MY

ဂျိမ်းစ် မွန်ရိုး

ဂျိမ်းစ် မွန်ရိုး (James Monroe; ; ဂျိမ်းဇ် မော်န်ရိုး) သည် အမေရိကန်ပြည်ထောင်စု၏ ပဉ္စမမြောက် သမ္မတ ဖြစ်သည်။ နိုင်ငံတည်ငြိမ်စတွင် အာဏာရလာသော ဂျိမ်းစ် မွန်ရိုးသည် ပြည်ထောင်စု စနစ်ကို မကြိုက်သူဖြစ်သည်။ တိုင်းပြည်၏ ပထမ ၃၅နှစ်အတွင်း ကြုံတွေ့ခဲ့ရသောအချက်များမှာ ပြည်ထောင်စု စနစ်ကြောင့် ပြည်နယ်များက တစ်ထီးတစ်နန်းပုံဆန်မျိုး ကျင့်သုံးနေကြခြင်း၊ ထို့ကြောင့် ဖြစ်ပေါ်လာသည့် အုပ်ချုပ်ရေးအခက်အခဲ၊ ဗာဂျီးနီးယားနယ်သားများ တောက်လျှောက် သမ္မတဖြစ်ခဲ့ခြင်းတို့ ဖြစ်သည်။ မွန်ရိုးလက်ထက်ရောက်မှ အုပ်ချုပ်ရေးတွင် အမေရိကန်ပုံစံဟုခေါ်သည့် ပုံစံသစ်ဝင်ရောက်လာခဲ့သည်။ သမ္မတတစ်ဦးအနေဖြင့် မွန်ရိုးသည် ပြည်တွင်းရေးများကို ကိုင်တွယ်ရာတွင် အောင်မြင်မှုကြီးကြီးမားမား မရှိသော်လည်း နိုင်ငံခြားရေးတွင်မူ သူတင်သွင်းသည့် မွန်ရိုးဝါဒ (Monroe Doctrine) ကြောင့် အထူးအောင်မြင်သည်ဟု ဆိုနိုင်သည်။ ထိုဝါဒသည် အမေရိကန်နိုင်ငံခြားရေးဝါဒ၏ အုတ်မြစ်သဖွယ်ဖြစ်လာခဲ့သည်။

ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ(၂၁ ဒီဇင်ဘာ ၂၀၁၈)
ဂျိမ်းစ် မွန်ရိုး
James Monroe
၁၇၅၈-၁၈၂၆

မွေးနေ့ ၂၈၊ ဧပြီ၊ ၁၇၅၈
မွေးရပ် ဝက်စ်မိုးလန်းဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၄၊ ဇူလိုင်၊ ၁၈၂၆
ကွယ်လွန်ရပ် နယူးယောက်မြို့နယူးယောက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ပဉ္စမမြောက်သမ္မတ၊ မွန်ရိုးဝါဒကိုတင်သွင်းသူ
အလုပ်အကိုင် စစ်ဗိုလ်ချုပ်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊၁၈၁၄- ၄၊ မတ်၊ ၁၈၂၅
ဒုတိယ သမ္မတ ဒန်နီယယ် ဒီ ထောမ်ခင်းဇ်
လွှဲအပ်သူ ဂျိမ်းစ် မဒီဆင်
ဆက်ခံသူ ဂျွန် ကွင်စီ အဒမ်စ်
နိုင်ငံသား အမေရိကန် နိုင်ငံ

ဖွဲ့စည်းပုံကို မနှစ်သက်လှသော်လည်း သမ္မတတစ်ဦးအနေဖြင့် ဥပဒေကို လေးလေးစားစားလိုက်နာသည်။ သူ့အတွေးအခေါ်များသည် အများအမြင်တွင် ဝါရှင်တန်၊ ဂျက်ဖာဆင်တို့နှင့် သိသိသာသာလမ်းခွဲထွက်နေသည်။ ဝါရှင်တန်မှာ မွန်ရိုးရှေ့နေဘဝက ဆရာရင်းဖြစ်သော်လည်း မွန်ရိုးမှာ ဝါဒအရ ဝါရှင်တန်နောက်လိုက်မဟုတ်ပေ။ ပထမရာထူးသက်တမ်းအတွက် မိန့်ခွန်းပြောရာ ရေတပ်နှင့်ကြည်းတပ်ကို အမြဲတမ်းတပ်မတော်အဖြစ် ဖွဲ့စည်းရန်၊ ကမ်းရိုးတန်းဒေသများ၏ လုံခြုံရေးကို တိုးမြှင့်ရန် စသည်တို့ကို ချပြခဲ့သည်။ အခွန်တိုးမြှင့်ကောက်ခံရန် ၁၈၁၉တွင် ဥပဒေကြမ်းတင်သွင်းသော်လည်း လွှတ်တော်က လက်မခံခဲ့ပေ။

သူ့ခေတ်ကို နေပျော်ထိုင်ပျော်ခေတ်ဟု ဆိုကြသည်။ နှစ်ဖက်လုံးမှ ပါတီစွဲဖြုတ်ပြီး အဆင်ပြေပြေနေထိုင်ကြခြင်းကြောင့်ဖြစ်သည်။ ဤအချက်က ၁၈၂၀ ရွေးကောက်ပွဲတွင် သက်သေခံသည်။ မွန်ရိုးသာ မဲအပြတ်အသတ်ဖြင့် နောင်သမ်မတဖြစ်မည့် ဂျွန် ကွင်စီ အဒမ်စ် ကိုနိုင်၍ သမ္မတဆက်ဖြစ်သည်။ သူ့သမ္မတသက်တမ်းအတွင်း ပြည်နယ်ငါးခု တိုးလာခဲ့သည်။ ပြည်တွင်းရေးအနေဖြင့် မွန်ရိုးလက်ထက်တွင် အက်ကြောင်းများစပေါ်ပေါက်လာသည်။ မစ်ဇူရီပြည်နယ်တွင် ကျေးကျွန်ပိုင်ဆိုင်ရေးအတွက် အငြင်းပွားရာ သမ္မတက ဗဟိုအစိုးရကိစ္စမဟုတ်၊ ပြည်နယ်ကိစ္စသာ ဖြစ်သည်ဟု ယူဆပြီး လက်ရှောင်နေခဲ့သည်။ လွှတ်တော်အမတ် ဟင်နရီ ကလေး ကဦးဆောင်စေ့စပ်မှ ထိုပြဿနာပြေလည် ခဲ့သည်။ သို့သော် သမ္မတက အာဏာဖြင့် ဝင်ရောက်ဖြေရှင်းခြင်း မဟုတ်သည့်အတွက် ထိုပြဿနာသည် နောင်တွင် အမေရိကန် ပြည်တွင်းစစ် အဖြစ်သို့ ဦးတည်သွားခဲ့ရသည်။

ကျေးကျွန်များကို စာနာသော်လည်း မွန်ရိုးကိုယ်တိုင်သည် ဇာတိဗာဂျီးနီးယားတွင် မြေပိုင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် ကျေးကျွန်လွတ်မြောက်ရေးကို လက်မခံနိုင်ပေ။ ထိုသို့ ကျေးကျွန်များကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် အကြမ်းဖက်မှု၊ ဒုစရိုက်မှုတို့ကြောင့် လူမှုရေး၊နိုင်ငံရေးတို့တွင် ပြဿနာများနိုင်သည်ကို မြင်ပြီး ကျေးကျွန်များအား ကိုလိုနီအဆင့် ထူထောင်ပေးရန်နှင့် အဆင့်မြင့်တင်ပေးရန်လိုလားသည်။ အမေရိကန် ကိုလိုနီအသင်းကြီး ကို တက်တက်ကြွကြွထောက်ခံသည်။ ထိုအသင်း၏ မူဝါဒမှာ လွတ်လပ်ပြီးသော ကျေးကျွန်များကို အာဖရိကတွင် ပြန်လည်နေရာချထားပေးရန်ဖြစ်သည်။ ပထမဆုံးအသုတ်ကို ပြန်လည်နေရာချထားပေးသည့် နယ်မြေကိုလည်း မွန်ရိုးဗီးယား ဟုဂုဏ်ပြုခေါ်ခဲ့ကြသည်။ (ယနေ့လိုင်ဘေးရီးယားနိုင်ငံ၏ မြို့တော်)

မွန်ရိုး၏ အအောင်မြင်ဆုံး လုပ်ဆောင်ချက်မှာ နိုင်ငံခြားရေးဝါဒဖြစ်သည်။ သမ္မတမဖြစ်မီက နိုင်ငံခြားရေးဌာနတွင် နေရာစုံမှ နိုင်ငံစုံ တာဝန်ထမ်းဆောင်ဖူးသည်။ သမ္မတ ဂျော့ချ် ဝါရှင်တန် လက်ထက်တွင် ပြင်သစ်သို့ သံအမတ်အဖြစ် စေလွှတ်ခံရသည်။ သို့သော် နှစ်နှစ်အကြာတွင် သဘောမတွေ့သဖြင့် ပြန်လည်ခေါ်ယူခံရသည်။ ၁၈၀၃တွင် အထူးသံတမန်အဖြစ် ပြင်သစ်သို့ ပြန်သွားရပြီး လူဝီစီယားနားနယ် ဝယ်ယူမှုအတွက် ဆောင်ရွက်နိုင်ခဲ့သည်။ ဗြိတိန်တွင် သံအမတ်အဖြစ် တာဝန်ယူစဉ်က ကြိုးစားပမ်းစား ပုံဖော်ခဲ့သည့် ကုန်သွယ်ရေးစာချုပ်ကို လွှတ်တော်သို့ တင်ပြရန် ငြင်းဆန်ခံရသည်။

ထို နိုင်ငံတကာအတွေ့အကြုံများကြောင့် မွန်ရိုးသည် အမေရိကန်အနေဖြင့် ဥရောပတိုက်နိုင်ငံများမှ ဖြန့်ကျက်လာနိုင်သည့် အာဏာစက်များကို မာမာတင်းတင်း ရင်ဆိုင်ခြင်းဖြင့် တုံ့ပြန်မှ ရနိုင်မည်ဟု သဘောထားရှိခဲ့သည်။ ထိုမူဝါဒမှာ အမေရိကန်တို့ ၁၉ရာစုတစ်လျှောက် ကျင့်သုံးခဲ့သည့် မွန်ရိုးဝါဒ ဖြစ်လာသည်။ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ်၏ သားဖြစ်သူ ဂျွန် ကွင်စီ အဒမ်စ် အားနိုင်ငံခြားရေးဝန်ကြီး အဖြစ်ခန့်အပ်သည်။ ဗိုလ်ချုပ်ကြီး အင်ဒရူး ဂျက်ဆန် (နောင်တွင် သမ္မတ ဖြစ်မည့်သူ) ကလည်း ဖလော်ရီဒါမှ ဌာနေလူနီများ၏ ပုန်ကန်မှုကို နှိမ်နှင်းပြီး နောက်ကွယ်မှ သွေးထိုးပေးသော စပိန်အား မကျူးကျော်ရေး စာချုပ်တွင် လက်မှတ်ထိုးလာရန် စွမ်းဆောင်ပေးခဲ့သည်။ သို့ဖြင့် ဖလော်ရီဒါပြည်နယ်ကို သိမ်းပိုက်လိုက်ခြင်းအားဖြင့် လူဝီစီယားနားနယ် ဝယ်ယူမှုအတွက် နယ်ခြား သတ်မှတ်ရေးကိစ္စ ပြီးပြတ်သွားခဲ့သည်။

၁၉ရာစုအစောပိုင်းကပင် လက်တင်အမေရိကဒေသများတွင် တော်လှန်ရေးများစတင်ခဲ့သည်။ ရုရှားအနေဖြင့်လည်း အော်ရီဂွန်ပြည်နယ်တွင် ကိုလိုနီထူထောင်ခြင်းကို ထင်ထင်ရှားရှား ပြုလုပ်နေသည်။ လက်တင်အမေရိကနိုင်ငံများ လွတ်လပ်ရေးရလျှင် ကုန်သွယ်မှုအကြီးအကျယ်ပြုလုပ်ရန် ရည်ရွယ်ထားကြသည့် ဗြိတိန်အနေဖြင့် ထိုတော်လှန်ရေးများကို ကူညီပေးသည့်အနေဖြင့် ကိုလိုနီအရှင်သခင်ဥရောပတိုင်းပြည်များကို ဆန့်ကျင်လိုသည်။ ထိုဆန့်ကျင်မှုတွင် အမေရိကန်အား ပါဝင်စေရန်လည်း လိုလားသည်။ မွန်ရိုးအနေဖြင့် ထိုအချက်ကို ပဏာမအားဖြင့် လက်ခံသော်လည်း လွှတ်တော်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဗြိတိန်နှင့် မပူးပေါင်းဘဲ ဥရောပနိုင်ငံများအားလုံး(ဗြိတိန်အပါအဝင်)၏ စစ်ရေးကျူးကျော်မှုခြေလှမ်းများကို ဟန့်တားနိုင်ရန်အတွက် တင်ပြလာသော နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကွင်စီ အဒမ်စ်၏ အဆိုကသာ လွှမ်းမိုးခဲ့သည်။ မွန်ရိုးဝါဒ ဖြစ်လာမည့် ထိုအဆိုပြုချက်ကို ဂျွန် ကွင်စီ အဒမ်စ်က ရေးသားတင်သွင်းသော်လည် တင်ပြသူမှာ မွန်ရိုးဖြစ်သောကြောင့် မွန်ရိုးဝါဒ ဟုသာတွင်သည်။ “များပြားလှသော အမေရိကန်ပြည်သူတို့၏ အသက်၊သွေးချွေးနှင့် ရင်းပြီး ကာလတစ်လျှောက် ရင့်ကျက်လာသော အသိပညာတို့ကို အသုံးပြု၍… ” ဟုအစချီထားသော ထိုဝါဒကို အမေရိကန်၏ မျှော်လင့်ချက်ဝါဒ (American Exceptionalism) ဟုလည်း ခေါ်သည်။

အမေရိကန် သမ္မတများ
  1. ဂျော့ချ် ဝါရှင်တန်
  2. ဂျွန် အာဒမ်းဇ်
  3. ထောမတ်စ် ဂျက်ဖာဆင်
  4. ဂျိမ်းစ် မဒီဆင်
  5. ဂျိမ်းစ် မွန်ရိုး
  6. ဂျွန် ကွင်စီ အဒမ်စ်
  7. အင်ဒရူး ဂျက်ဆန်
  8. မာတင် ဗန် ဗျူရင်
  9. ဝီလီယံ ဟင်နရီ ဟယ်ရီဆန်
  10. ဂျွန် တိုင်လာ
  11. ဂျိမ်းစ် နော့ ပို့ခ်
  12. ဇက်ခရီ တေလာ
  13. မေးလာ့ဒ် ဖီးလ်မိုး
  14. ဖရန်ကလင် ပီးယားစ်
  15. ဂျိမ်းစ် ဘွတ်ခ်နန်
  16. အေဘရာဟမ် လင်ကွန်း
  17. အင်ဒရူး ဂျွန်ဆင်
  18. ယူလီဆီးစ် ဆင်ပဆန် ဂရန့်
  19. ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်
  20. ဂျိမ်းစ် အေဘရမ် ဂါဖီးလ်ဒ်
  21. ချက်စတာ အလန် အာသာ
  22. စတီဖင် ဂရိုဗာ ကလိဗ်လန်း
  23. ဘင်ဂျမင် ဟယ်ရီဆန်
  24. စတီဖင် ဂရိုဗာ ကလိဗ်လန်း
  25. ဝီလျံ မက်ကင်လီ
  26. သီအိုဒို ရုစဗဲ့
  27. ဝီလျံ ဟောင်းဝဒ် တာ့ဖ်
  28. ဝုဒ်ရိုး ဝီလ်ဆင်
  29. ဝေါရင် ဂမားလီယယ်လ် ဟားဒင်
  30. ကယ်လ်ဗင် ကူးလစ်ဂျ်
  31. ဟားဘတ် ဟူးဗား
  32. ဖရန်ကလင် ဒီလာနို ရုစဗဲ့
  33. ဟယ်ရီ ထရူးမန်း
  34. ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ
  35. ဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ
  36. လန်ဒန် ဘန်းနက်စ် ဂျွန်ဆင်
  37. ရစ်ချက် နစ်ကဆင်
  38. ဂဲရက် ဖို့ဒ်
  39. ဂျင်မီ ကာတာ
  40. ရော်နယ် ရေဂင်
  41. ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်
  42. ဘီလ် ကလင်တန်
  43. ဂျော့ချ် ဝေါလ်ကာ ဘုရှ်
  44. ဘာရတ် ဟူစိန် အိုဘားမား
  45. ဒေါ်နယ်လ် ထရန့်

. . . ဂျိမ်းစ် မွန်ရိုး . . .

. . . ဂျိမ်းစ် မွန်ရိုး . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ဂျိမ်းစ် မွန်ရိုး . . .

Back To Top