MY

သတင်းပညာနှင့် သတင်းစာ

ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၁၈ ဩဂုတ် ၂၀၂၀)

. . . သတင်းပညာနှင့် သတင်းစာ . . .

၁၈၃၆ ခုနှစ်ကတည်းက မြန်မာဘာသာဖြင့်ထုတ်ဝေသော အပတ်စဉ်စာစောင်နှင့် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော အပတ် စဉ်သတင်းစာများ ထုတ်ခဲ့ကြောင်း မှတ်တမ်းများရှိသည်။ မြန်မာ နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ပထမဦးဆုံး သတင်းစာမှာ မော်လမြိုင်ခရော်နီကယ် (The Maulmain Chronicle) ဖြစ်သည်။ ၁၈၃၆ ခုနှစ် မေလ ၃ ရက်နေ့တွင် မော်လမြိုင်မြို့၌ စတင်ထုတ်ဝေခဲ့သည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းထုတ်ဝေသည့် သတင်းစာအမျိုးအစားဖြစ်သည်။

မော်လမြိုင် ခရော်နီကယ်သတင်းစာကို နာမည်ကျော်ရှေ့နေ ကြီးတစ်ဦးဖြစ်သည့် H.W.Lewis က အပြီးအပိုင်ဝယ်ယူကာ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲပြီးချိန်အထိ ထုတ်ခဲ့ပြီး နောက်ပိုင်း တွင် လူးဝစ်သည် ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သည်။ ရန်ကုန်တွင် ရန်ကုန်ခရော်နီကယ် (The Rangoon Chronicle) သတင်းစာအမည် ပြောင်းပြီး ဆက်လက်ထုတ်ဝေခဲ့သည်။ ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စတင်ထုတ်ဝေခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ပင်ထုတ်ဝေခဲ့သည်။ ရန်ကုန်မြို့တွင် ပထမဦးဆုံးထုတ်ဝေသည့် သတင်းစာဖြစ်သည်။ ဗုဒ္ဓဟူးနှင့် စနေ တစ်ပတ်နှစ်ကြိမ်ထုတ်ပြီး ၊ စာမျက်နှာ လေးမျက်နှာပါကာ တန်ဖိုးမှာ တစ်လ ၃ ကျပ်ဖြစ် သည်။

သက္ကရာဇ် ၁၂၃၆ ခုနှစ် တပေါင်းလဆန်း ၁၃ ရက် (၁၈၇၅ ခုနှစ်၊ မတ်လ ၁၉ ရက်) နေ့တွင် မင်းတုန်းမင်းကြီးသည် ရတနာပုံ နေပြည်တော်သတင်းစာကို ထုတ်ဝေခဲ့သည်။ ထို့ပြင် မင်းတုန်း မင်းကြီးက အမိန့်တော်တစ်ရပ်ကိုလည်း ဤသို့ထုတ်ပြန်ခဲ့သည်။

“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဘုရားမကောင်းလျှင် ငါ့မိဘုရားကိုရေး၊ ငါ့သားသမီးမကောင်းလျှင် ငါ့သားသမီးကိုရေး၊ လွှတ်တရားသူကြီးမကောင်းလျှင် လွှတ်တရားသူကြီးကိုရေး၊ မြို့ဝန် မကောင်းလျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ” ဟူ၍ဖြစ်သည်။ ပဒေသရာဇ်ခေတ်မှာပင် မြန်မာနိုင်ငံ၌ သတင်းမီဒီယာလွတ်လပ်ခွင့်အကြောင်း ဘုရင်ကိုယ်တိုင် ကောင်းစွာနားလည် သဘောပေါက်ထားသည်ကို သိနိုင်သည်။

၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ညတွင် မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းအဖြစ် အသံလွှင့်ရုံမှ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် သတင်းမီဒီယာ နှင့်ပတ်သက်ပြီး ဤသို့ ပြောကြားခဲ့ဖူးသည်။ “နောက်ပြီး သတင်းစာတွေကို ကျွန်တော်ပြောချင်တယ်။ သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက တခြား အစိုးရလက်ထက်နဲ့ သေသေချာချာနှိုင်းယှဉ်ကြည့်စေချင်တယ်။ ကျွန်တော်တို့ဟာ ဘယ်လိုအစိုးရဆိုတာလဲ၊ ဘာမှ အထူးပြောနေ စရာမလိုဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ကို ထောက်ခံအားပေး နေတဲ့ သတင်းစာတွေလဲ အားပေးချင်ပေးကြ၊ ဒီလိုမှမဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံ လုပ်ချင်ကြတဲ့ သတင်းစာတွေဆိုရင်လဲ သဘောအတိုင်းဘဲ။ ဒီလိုမှ မဟုတ်လို့ ကျွန်တော်တခါတုန်းကပြောလို့ အင်မတန်ဘဲ မကျေမနပ်ဖြစ်တာ လိုဘဲ “ဆိတ်လစိ” လုပ်ချင်ကြတဲ့ သတင်းစာတွေလဲ လုပ်ချင်လုပ်ကြပါ။ သို့ပေမဲ့ အကြည်အညို တစ်ဦးနဲ့တစ်ဦး ပျက်စေတဲ့စကားမျိုး၊ တိုင်းပြည် ဆူပူလှုပ်ရှားအောင် လှုံ့ဆော်တဲ့ စကားမျိုး၊ ဖက်စစ် အစီအမံလို လုံးဝတခါတည်း လိမ်လည်လှည့်ဖြားပြီး ရေးသားတဲ့ အရေးအသားမျိုးဆိုရင် ကျွန်တော်တို့ သည်းခံမှာမဟုတ်ဘူးဆိုတာ တိတိလင်းလင်းဘဲ သတိပေးပါရစေ” ဟုမိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်ဆိုလိုသည်မှာ သတင်းစာသည် အစိုးရအပေါ် ထောက်ခံနိုင်သလို၊ မထောက်ခံဘဲလည်းနေနိုင်သည်။ သို့သော် အစိုးရကို အကြည်အညိုပျက်စေရန်နှင့် တိုင်းပြည်ဆူပူလှုပ်ရှား စေရန်ရေးသားခွင့်မရှိဟူ၍ဖြစ်သည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းသုံးမျိုးပေါင်းထားသည့် “စာနယ်ဇင်း” ဆိုသော ဝေါဟာရကို တိုးတက်ရေးမဂ္ဂဇင်းအားထုတ် ဝေခဲ့သည့် စာရေးဆရာကြီး ပဂျီငို အမည်ခံ တိုးတက်ရေးဦးစိန်က ၁၉၃၅ ခုနှစ်တွင် စတင်တီထွင်သုံးစွဲခဲ့သည်။ “ဂျာနယ်” ဆိုသော ဝေါဟာရကို ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “မြန်မာ့ဗျူဟာ ဂျာနယ်” တွင်စတင်သုံးစွဲခဲ့သည်။ ထုတ်ဝေခဲ့သူမှာ ဆရာကြီး ရွှေဥဒေါင်းဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်းအုပ်စုမှ တစ်ပတ် အတွင်း အရေးကြီးသည့် သတင်းများ၊ သတင်းဝေဖန်ချက်များ ဝတ္ထုတို၊ ရုပ်ပြောင်စသည်တို့ပါဝင်သော ဂျာနယ်ပုံစံကို စတင်ထုတ်ဝေခဲ့ပြီး ဂျာနယ်ဆိုသည့် ဝေါဟာရကို ရဲဝံ့စွာစတင်သုံးစွဲလာခဲ့သည်။ ထိုခေတ်ကဂျာနယ်များ အပြိုင်အဆိုင်ထွက်ပေါ်လာရာတွင် ပါတီနိုင်ငံရေး ကျောထောက်နောက်ခံဖြင့် ရပ်တည်ပြီး ထုတ်ဝေကြသည်ကများသည်။ ပါတီနိုင်ငံရေးကျောထောက်နောက်ခံမယူဘဲ သတင်းသန့်သန့်၊ ဝေဖန်ရေးသန့်သန့်ထုတ်ဝေသောဂျာနယ်များတွင် မြန်မာ့ဗျူဟာဂျာနယ်၊ သူရိယရုပ်စုံဂျာနယ်နှင့် ဇေယျ ဂျာနယ်တို့လောက်သာရှိသည်။

မဂ္ဂဇင်းကို ခေတ်ဦးပိုင်းတွင် “မဂ္ဂဇိန်” ဟူသောအမည်ဖြင့် ၁၉၁၁ ခုနှစ်မတိုင်မီတွင်ထုတ်ဝေခဲ့ကြကြောင်းတွေ့ရသည်။ မြန်မာ ပညာရှိများက အင်္ဂလိပ်ဝေါဟာရ Magazine ကို ပါဠိသက်ဝေါဟာရ အဖြစ် မဂ္ဂဇည၊ မဂ္ဂဇိန၊ မဂ္ဂဇာနဟူ၍ ပါဠိပုဒ်ဖြင့် ဝိဂြိုဟ်ပြုကြသည်။ အဓိပ္ပာယ်မှာ “ပညာရကြောင်း လမ်းခရီးကိုပြသော စာစောင်၊ စာအုပ်” ဟူ၍ဖြစ်သည်။ ၁၉၁၁ ခုနှစ်မတိုင်မီက မဂ္ဂဇင်းများပေါ် ထွက်ခဲ့စေကာမူ မဂ္ဂဇင်းလောကတွင် နာမည်ရပြီး အရေးအပါဆုံး ဖြစ်ခဲ့ရသည်မှာ “သူရိယမဂ္ဂဇင်း” ဖြစ်ပြီး ၁၉၁၇ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မဂ္ဂဇင်းစာစောင် ၁ဝဝ ခန့်ထုတ်ဝေခဲ့သည်။

. . . သတင်းပညာနှင့် သတင်းစာ . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . သတင်းပညာနှင့် သတင်းစာ . . .

Back To Top